Friday, May 9, 2008

မေမေ

မေမေ


မေမေ

လူကြုံမလာ စာမပါးလို့

မေ့မေ့ကို သတိမရဘူးလို့

မထင်ပါနဲ့နော်။

မေမေ

ဖုန်းမခေါ် အသိမပေးလို့

မေမေ့ကို ဥပေက္ခာပြုတယ်လို့

မတွေးပါနဲ့နော်။

မေမေ

သတင်းမကြား စကားမပါးလို့

မေမေ့ကို မလွမ်းဘူးလို့တော့

မစဉ်းစားပါနဲ့နော်။

မေမေ

အစဉ်ထာဝရ သတိရလျှက်

နေ့စဉ်ညတိုင်း

မေတ္တာဝေ၊ တောင်းဆုချွေတာကာ

မေမေကျန်းမာစေကြောင်း ၊

နေကောင်းကြောင်းပါမေမေ။

မေမေ

နေ့စဉ်ရက်ဆက် ခံစားချက်တွေကို

စာရွက်ဖြူပေါ် မှင်ပြာတင်ပြီးတော့

သတိရကြောင်း၊ လွမ်းကြောင်းတွေကို

မမောတမ်း ရေးစပ်သီကုံး

စကားလုံးတွေနဲ့ စုစည်းလျှက်ပါမေမေ။

ဒါပေမယ့်ပေါ့ မေမေရယ်………………။

သမီးရေးတဲ့ စာလွှာ

သမီးတိုင်တည်တဲ့ စကား

သမီးရေရွတ်တဲ့ အသံ

သမီးပေးတဲ့ အနမ်း

သမီးပြောတဲ့ ရင်ဖွင့်သံတွေ

မေမေ့ဆီမရောက်နိုင်တာကို

နားလည်ပေးပါမေမေ။

မေမေ

သမီးပြန်လာလမ်းကို

မျှော်ရမ်းမှန်းဆနေမဲ့ မေမေ့အတွက်

သမီးရဲ့ လက်ရှိအခြေအနေက

မေမေ့ရဲ့ ဆန္ဒတွေကို

ဖြည့်စွမ်းမပေးနိုင်သေးတာ ခွင့်လွတ်ပါ။

မေမေ

သမီးရဲ့ ဘ၀လမ်း

ကြမ်းတမ်းမှုတွေကို

ကျော်ဖြတ်နိုင်တဲ့နေ့

မေမေ့ဆီကို

အောင်မြင်မှု ပန်းတွေနဲ့

မေမေနဲ့အတူဆင်မြန်းနိုင်ဖို့

သမီးပြန်လာခဲ့မယ်မေမေ။

အဲဒီအချိန်လေးကို မေမေ စောင့်နေပါနော်………။

0 Comments:

Post a Comment