Saturday, October 24, 2009



မေမေ လွမ်းတယ်ဆိုတဲ့စကားလုံးတစ်လုံးတည်းနဲ့ သမီးရဲ့ခံစားချက်ကိုပြောဖို့ လုံလောက်မယ်လို့ မထင်ပါဘူး ဘာဖြစ်လို့လဲဆိုရင်တော့ လွမ်းတယ်ဆိုတဲ့ခံစားမှုထက်ပိုတဲ့ တမ်းတမှုတွေနဲ့ မေ့မေ့ကို သမီအရမ်းတွေ့ချင်နေလို့ပါ မေမေ။ မေမေရယ်……အမေတွေကို ရေးဖွဲ့ထားတဲ့ ကဗျာတွေ၊ဆောင်းပါးတွေ ဖတ်မိတိုင်း သမီးမျက်ရည် မထိန်းနိုင်အောင် သမီးခံစားရပါတယ်။

နွေးထွေးတဲ့အမေ့ရဲ့မေတ္တာအိမ်လေးကို သမီးဘယ်ချိန်ကျမှပြန်လည် နားခိုနိုင်ပါ့မလဲလို့ တွေးနေမိတယ်။ သူများတွေအိမ်ပြန်တိုင်းလဲ စိတ်မကောင်းခြင်းနဲ့ပဲ မျက်ရည်ဝဲစွာ သမီးကျန်ရစ် နေခဲ့ရတယ်ဆိုတာ မေမေသိချင်မှသိပါလိမ့်မယ် ဒါပေမယ့်မေမေရယ် အဝေးကမေ့မေ့သမီးလေး မေ့မေ့ကိုတွေ့ချင်မြင်ချင်နေတယ် ဆိုတာမေမေသိနေမှာပါ။သမီးကိုခွင့်လွတ်ပါလို့ မတောင်းဆိုပါဘူးမေမေ ဘာကြောင့်လဲဆိုရင်သမီး တစ်ကိုယ်တည်းကောင်းစားဖို့ အတွက်သက်သက်နဲ့ဒီလိုစိတ်ပင်ပန်းစွာနေနေရတဲ့နေရာမှာ သမီး ရောက်လာတာမဟုတ်တဲ့အတွက်ပါမေမေ ဒါပေမယ့်သမီးကို နားလည်ပေးနိုင်ဖို့တော့ သမီးမျှော်လင့် မိပါတယ်မေမေ။


နှစ်တွေ၊လတွေ၊ရက်တွေသာ တစ်ဖြေးဖြေးနဲ့ကုန်ဆုံးခဲ့ပေမယ့် ပြန်လာမယ်ဆိုပြီ့း တဖွဖွပြောနေရှာတဲ့ အမေ့သမီးလေး ပြန်မလာနိုင်သေး တဲ့အတွက်စိတ်မကောင်းပါဘူး။ မေမေမေးတဲ့ခါတိုင်းလဲ "ပြန်လာခါနီးပြီ"လို့ ပြောနေရတဲ့ သမီးရဲ့စိတ်ထဲမှာ ဘယ်လောက်ထိ နာကျင် နေမလဲဆိုတာ မေမေတော့သိနိုင်မှာမဟုတ်ဘူးနော်..။ ပြီးတော့ အဲ့ဒီလိုပြောဖန်များတော့ သမီးပြောတာကိုမေမေသိပ်မယုံတော့ဘူး မဟုတ်လား ဘာဖြစ်လဲဆိုရင် မှတ်မှတ်ရရပေါ့ ဖွားဖွားအိမ်ကိုလာလည်တဲ့နေ့တစ်နေ့မှာ သမီးဖုန်းပြောတော့ ဖွားဖွားကမေးလိုက်တယ် သမီးပြန်လာတော့လေဘယ်တော့ပြန်လာမလဲတဲ့ "အင်းပြန်လာခါနီးပြီ"လို့ပြောတော့ မေမေပြောလိုက်တာ " သမီးပြောတဲ့ မနက်ဖြန် ဆိုတာ ဘယ်ချိန်မှရောက်မလဲ မသိဘူး" တဲ့ ။ သမီးအရမ်းပဲစိတ်မကောင်းဘူး မေမေရယ် သမီမပြန်သေးတာက သမီးရဲ့ လက်ရှိ အခြေ အနေအရ ပြန်ဖို့အခြေအနေမပေးသေးလို့ပါ။ တကယ်တန်းပြောရင် တော့မေ့မေ့ရဲရင်ခွင်ကျယ်ကြီးကို သမီးလွမ်းလို့သေတော့မယ် မေမေ ပြီးတော့သမီးချစ်တဲ့ညီမလေးနဲ့ တူလေးတွေကိုသမီးအရမ်းလွမ်းတာပေါ့ ဒါပေမယ့်သမီးမှမတတ်နိုင်သေးတာ မေမေရယ် ဒီလိုပဲမေမေနဲ့ မိသားစုကိုသတိရတိုင်း သမီးမျက်ရည်တွေနဲ့ နှစ်သိမ့်ရဦးမှာပါလေ။

မေမေရေ… မေမေနဲ့ မိသားစုကိုလွမ်းတဲ့အလွမ်းတွေကို သမီးစုထားလိုက်ဦးမယ်နော် ရင်ထဲ၊ နှလုံးသားထဲကအခန်းတစ်ခုထဲမှာပေါ့။ ခုတော့ ရူပကာမရှိ၊ပညာမရှိ၊ဥစ္စာနတ္ထိဆိုတဲ့ မေ့မေ့ရဲ့သမီးလေးက အနာဂတ်အတွက် ကြိုးစားရဦးမယ်လေ..။ သမီးရဲ့အနာဂတ် ကောင်းမှ သမီးတို့ရဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်က လှပတော့မှာပေါ့။ ဒါကြောင့်မို့လို့ ခက်ခက်ခဲခဲကြားထဲက ငိုလိုက်ရယ်လိုက်၊ ပြုံးလိုက်မဲ့လိုက်နဲ့ ပြီးတော့ စိတ်ဓာတ်တွေလဲ ကျတစ်ခါ တက်တစ်လှည့်နဲ့ ခရီးဆက်လိုက်ဦးမယ်နော်…။ နွေးထွေးတဲ့အမေ၇ဲ့ ရင်ခွင်နဲ့ သမီးပြန်လာမယ့် နေ့ကို စောင့်နေပေးပါ မေမေ…သမီးတစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ အရောက်ပြန်လာပါ့မယ်လို့ ကတိပေးပါတယ်မေမေ…။

မေ့မေ့ကို ချစ်တဲ့ သမီးလေး

လှားညိုဝ်း

0 Comments:

Post a Comment