မောင်လွမ်းမှိုင်း
အေးစက်စူးရှတဲ့
ဆောင်းလေကြမ်းတို့ရဲ့
အညှာအတာကင်းမဲ့မှုကို အံတုရင်း
သူစိမ်းဆန်သော ဇန်န၀ါရီနေ့ရက်များထဲ
ငါ... မင်းကို သတိရနေမိတယ်...။
တခါတရံ
နေ့မှန်း ညမှန်းမသိရတဲ့
အုတ်လှောင်ရုံလေးထဲမှာ...
တခါတရံ
ကြိုးသမားတွေရဲ့
ချောက်ချားဘွယ်ရာ
အခန်းထဲမှာ...
လေးဆယ့်လေးနှစ်မြောက်မွေးနေ့ကို
မင်း ဘယ်လိုခံစားမှုမျိုးနဲ့
ကျော်ဖြတ်နေမှာလဲဆိုတာ
ငါ သိချင်လိုက်တာ...။
ကုန်လွန်ခဲ့တဲ့...
ပြီးဆုံးခဲ့တဲ့...
ထောင်တွင်း ဆယ့်တစ်နှစ်ကို ကြံ့ကြံ့ခံရင်း
နောက်ထပ် ဖြတ်သန်းရမယ့်
တဆယ့်ငါးနှစ်တာကာလကို
ဘယ်လိုခံနိုင်ရည်တွေနဲ့
မင်း... ဖြတ်သန်းမယ်ဆိုတာ
ငါ... ကြေကြေကွဲကွဲနဲ့
တွေးနေမိသေးတယ်။
သားတွေ အနားမှာမရှိဘဲ
ရောက်ရောက်လာတဲ့
(သားတွေရဲ့)
မွေးနေ့တွေကိုလည်း
ရင်ကွဲပက်လက် မျက်ရည်စက်နဲ့
အမေ ဖြတ်သန်းနေမှာ အသေအချာပါပဲ။
နိုင်ငံရေးအကျဉ်းသားဟောင်း မင်းရဲ့ဇနီး
(ထောင်တွင်းဖြတ်သန်းမှု (၇) နှစ်ခရီး)
မလွတ်မြောက်မီ
မင်းရဲ့သမီးသုံးယောက်နဲ့
မုဆိုးမအမေအိုတယောက်မှာ
မြင်းခြံထောင်နဲ့ အင်းစိန်ထောင်
တလ တလ ပြေးတွေ့ရတဲ့ဘဝ
ယက္ကန်းစင်ထဲက လွန်းတခုလိုသာပ။
ငါ့မှာတော့...
အဝေးမြေတနေရာကနေ
ကြေကွဲနေရင်း
အမေ့ရဲ့ သားတွေအပေါ်ထားတဲ့
ချစ်ချင်းမေတ္တာတရားမှာ ခိုနားနေမိတယ်။
လေးဆယ့်လေးနှစ်မြောက် မွေးနေ့မှာ
ညီတယောက်က
အကိုတယောက်ကို ချစ်မြတ်နိုးတဲ့တရား
ရဲဘော်တယောက်က
သူ့ရဲ့တိုက်ဖေါ်တိုက်ဖက်
သွေးသောက် တယောက်ကို ယုံကြည်လေးစားတဲ့တရား
ချစ်ချင်းမေတ္တာများနဲ့ နာကြားပါ။
ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး...
ငါတို့ ဘယ်တော့မှ လက်မမြှောက်ဘူး...
ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူး...။
Labels: ကဗျာ