ဆောင်းဆိုတဲ့အသံကိုကြားလိုက်ရတာနဲ့ လူတိုင်းရင်ထဲမှာအေးမြမှုကိုတာကို ချက်ချင်းခံစားကြရတယ်။ အဲ့ဒီလိုပါပဲ ဆောင်းကလဲ သူ့အချိန်၊သူ့ရာသီနှင့်သူ တစ်နှစ်တစ်ခေါက် လူတွေရဲ့ရင်ထဲ၊ ဘ၀ထဲကိုအေးချမ်းမှုပေးဖို့အတွက် ပုံမှန်ရောက်စမြဲပဲ။ လူတွေကဘယ်လိုပဲ ပြောင်းလဲပြောင်းလဲသွားပါစေ ဆောင်းကတော့ သူ့ရဲ့လှပတဲ့နှင်းပွင့်တွေကို အအေးဓာတ်တွေနဲ့အတူ ဆောင်နှင်းပြီးရောက်လာပြန်ပြီလေ။
ဆောင်းကတော့ လူတွေကိုအေးမြလန်းဆန်းစေသလို အသဲခိုက်မတတ် တုန်နေအောင်လဲ ပြုစားတတ်သေးတယ်။ တစ်ခါတစ်ရံကျတော့လည်း လူတွေကိုအေးခဲစေအောင် ကျီစယ်တတ်သေးတယ်။ ဒါပေမယ့် စိမ်းအနှစ်သက်ဆုံးကလည်း ဆောင်းပါပဲ။ အေးစိမ့်နေတဲ့ မနက်ခင်းအစောကြီးမှာ အ၀တ်အစားထူထူအိအိတွေဝတ်ပြီးတော့ နှင်းပွင့်လေးတွေနှင့်အတူ လမ်းလျှောက်ရတာကို စိမ်းအရမ်းပျော်တယ်၊ ပြီးတော့ချမ်းချမ်းနဲ့ပဲ မိသားစုတွေနဲ့မီးလှုံရတဲ့အရသာကိုလည်း စိမ်းနှစ်သက်တယ်၊ ညနေခင်းတိုင်းမှာ တိုက်ခေတ်နေကျ ဆောင်းလေပြေတွေကို ရှူရှိုက်ရင်းနဲ့ ဆော့ကစားရတာကိုလည်း စိမ်းအရမ်းကြည်နူးတတ်တယ်လေ။ ဆောင်းရောက်တိုင်း ပွင့်နေကျ ဆောင်းရဲ့သစ္စာတော် ချယ်ရီပန်းလေးတွေဆိုရင် စိမ်းအတွက် အလှဆုံးပန်းလေးတွေဖြစ်နေတယ်လေ။ စိမ်းချစ်ရတဲ့ ဆောင်းမှာ စိမ်းအတွက် ၀မ်းနည်းကြေကွဲဖွယ်ရာ အကြောင်းတွေရောက်လာတတ်တာ ဘာကြောင့်များပါလဲ။ အဖြေမရှိမှန်းတော့ သိနေပါတယ် ဒါပေမယ့် တစ်ခါမေးတိုင်း စိတ်တစ်ခါနည်းနည်းသက်သာသွားမလားဆိုတဲ့ အတွေးမျိုးနဲ့ပါ..။
ဒီအဖြစ်အပျက်တွေကတော့ ကာလနှစ်တွေကြာရှည်ခဲ့ပေမယ့် မေ့ပျောက်ဖို့ခက်နေဆဲပဲ။ ပျော်ရွှင်မှုတွေ၊ နာကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ ကြေကွဲစရာအဖြစ်အပျက်တွေက ပုံပြင်လို့သတ်မှတ်မယ်ဆိုရင်တောင်မှ မေ့ပျောက်ရခက်ခဲလှတဲ့ ဒဏ္ဍာရီပုံပြင်တွေပဲဖြစ်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုရင်တော့ အဲ့ဒီခံစားမှုတွေက စိမ်းခေါင်းထဲ၊ နှလုံးသားထဲမှာ သံမှိုစွဲနေသလို စွဲထင်နေလို့ပါ။ အချိန်တွေပြောင်းခဲ့ပေမယ့် အရာရာတိုင်းက မဟောင်းသေးသလိုပါလို့ထင်နေမိတယ်။
တွေ့၊ ဆုံ၊ ကြုံ ၊ ကွဲဆိုတဲ့ သဘောတရားကိုနားလည်လက်ခံထားပေမယ့် စိမ်းချစ်တဲ့သူတွေနဲ့ အခေါက်ပေါင်း အခါပေါင်းများစွာ ခွဲခွာခဲ့ရတဲ့ စိမ်းအနှစ်သက်ဆုံးဒီဆောင်းရာသီမှာ စိမ်းအတွက်အနာတရတွေနဲ့ ပြည့်နှက်နေစေတယ်ဆိုရင် စိမ်းကြေကွဲမှုအတွက်မလွန်ပါဘူးနော်…။ ကြေကွဲမှုအစကတော့ … ပထမဆုံး၂၀၀၅ခုနှစ်ရဲ့ ဆောင်းရာသီမှာ စိမ်းရဲ့ချစ်သူ၊ စိမ်းအရမ်းချစ်ခဲ့ရတဲ့ သူကိုတွေ့ဆုံဖို့ ဆောင်းကဖန်တီးပေးခဲ့တယ် ။ ပြီးတော့ချစ်သူနဲ့အတူ ပျော်ရွှင်မှုတွေ၊ ရင်ခုန်မှုတွေ၊ ခံစားမှုတွေကိုဖန်ဆင်းပေးခဲပြန်တယ်။ ဆောင်းရဲ့ သစ္စာတော် ချယ်ရီပန်းလေးတွေက စိမ်းရဲ့ချစ်သက်သေလေးတွေပေါ့ကွယ်..။ မမျော်လင့်ရဲခဲ့တဲ့အရာ၊ မမက်ရဲခဲ့တဲ့အိပ်မက်တွေနှင့်အတူ မထင်မှတ်စွာပဲ အမှတ်တရတွေအပြည့်နဲ့ ကြေကွဲမှုတွေလည်းတပွေ့တပိုက်နဲ့ ၂၀၀၇ ခုနှစ်ရဲ့ ဆောင်းရာသီမှာ စိမ်းအရမ်းချစ်ရတဲ့ မိသားစု၊ ညီအမတွေနဲ့အတူ စိမ်းချစ်သူကိုပါ စိမ်းခွဲခွာခဲ့ရတယ်။ ဟိုးးး…….ရေခြား၊ မြေခြား၊ တောင်တွေခြားတဲ့ အဝေးတစ်နေရာဆီကိုပေါ့..။
တိုက်ဆိုင်မှုလို့ပြောရမလား၊ ကံကြမ္မာလို့ပဲဖြေသိမ့်ရတော့မလား မထင်မှတ်စွာပဲ ၂၀၀၈ခုနှစ်ရဲ့ ဆောင်းမှာ စိမ်းချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေက စိမ်းကိုခွဲခွာသွားကြပြန်တယ်။ ခံစားမှုတွေက်တော့ အထွတ်အထိပ်ထိပါပဲ။ ဒဏ်ရာတွေနဲ့ပြည့်နေတဲ့ နှလုံးသားလေးကတော့ ဘာကိုမှမခင်တွယ်ရဲတော့ဘူးလေ ၊ ဘာတစ်ခုမှလဲ မဆုပ်ထားချင်တော့ဘူး။ ခံစားချက်တွေတောင်မှ ခါးတူးပြီးတော့ကို စုပ်ပြတ်သတ်နေသလိုပဲ.။
ခုတော့လည်းလေ……..တစ်နှစ်လည်ပြီးတော့ ဆောင်းရောက်လာပြန်ပြီလေ ..။ စိမ်းချစ်တဲ့ဆောင်းကတော့ အရင်အတိုင်းပဲလေ သူ့တာဝန်ကျေပါတယ် ။ စိမ်းကလည်းမေ့မရတဲ့ အတိတ် အိပ်မက်ဆိုးတွေနဲ့အတူ ချမ်းစိမ့်တဲ့မနက်ခင်းတွေတိုင်းမှာ နိုးထပြီးတော့ ဆောင်းရဲ့အလှကိုခံစားနေဆဲပဲ။ ဆောင်းကမွေးဖွားပေးလိုက်တဲ့ နှင်းပွင့်တွေနှင့်အတူ လမ်းလျှောက်နေတုန်းပဲလေ ပြီးတော့ ဆောင်နှင့်အတူတိုက်ခတ်လာတဲ့ ဆောင်းလေပြေကိုလည်း တရှိုက်မက်မက် နမ်းရှိုက်နေတုန်း ဆော့ကစားနေတုန်းပါပဲ..။
လာမဲ့နှစ်ပေါင်းများစွာထိပေါ့၊ ဆောင်းရှိနေသေးသရွေ့ ကြေကွဲမှုဝေဒနာတွေနဲ့အတူ ဆောင်းကိုစိမ်းခုံမင်နှစ်သက်နေဦးမှာပါ..။ ဒါကတော့ ဆောင်းရှိနေသေးတဲ့ချိန်ထိ နဲ့ စိမ်းအသက်ရှူနေသေးတဲ့ အခိုက်အတန့်လေးတစ်ခုထိပေါ့လေ ….။။
Labels: ရင်ဖွင့်သံ